ရက္ခိုင့်နိုင်ငံရေးဇာတ်လမ်း၏ အခြားတစ်ဖက်။ ။

အာရက္ခတပ်တော် အင်အားကြီးမားလာခြင်းအရိပ်အောက် မှေးမှိန်သွားသော အခြားရက္ခိုင့်နိုင်ငံရေးအင်အားစုများ (၂၀၁၀–၂၀၂၆)

English | Myanmar

အနှစ်ချူပ်

ဤလေ့လာချက်သည် ရခိုင်နိုင်ငံရေးနယ်ပယ်တွင် ယခင်က အဓိကဦးဆောင်အင်အားစုများအဖြစ် ရပ်တည်ခဲ့ကြသော ALP, ANC, ALD, RNDP, ANP, AFP နှင့် RNP တို့သည် United League of Arakan/Arakan Army (ULA/AA) ၏ လွှမ်းမိုးမှု ကြီးထွားလာမှုအောက်တွင် နိုင်ငံရေးအရ အရေးပါမှု နှင့် လွှမ်းမိုးမှု လျော့နည်းသွားခဲ့ကြောင်းကို လေ့လာဆန်းစစ်ထားသည်။ ဆင့်ပွားအရင်းအမြစ် သတင်းအချက်အလက်များ (secondary sources) ကို အခြေခံသည့် အရည်အသွေးစံထားသုတေသနနည်းလမ်း (qualitative methodology) ကို အသုံးပြု၍ အဆိုပါ နိုင်ငံရေးအင်အားစုများ၏ နိုင်ငံရေးအရေးပါမှု ကျဆင်းလာသည့်ဖြစ်စဉ်နှင့် တစ်ဖက်တွင်လည်း ULA/AAသည် အစောပိုင်းတွင် အင်အားအနည်းငယ်သာရှိသော အဖွဲ့အစည်းတစ်ခုအဖြစ်မှ ၂၀၂၆ ခုနှစ် အလယ်ပိုင်းတွင် ရခိုင်ဒေသ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီး တပ်ဖွဲ့ဝင် ၅၀,၀၀၀ကျော်ဖြင့် နိုင်ငံရေး-စစ်ရေးအရ အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုအဖြစ် အရှိန်အဟုန်ဖြင့် မည်သို့မည်ပုံ တိုးတက်လာခဲ့ကြောင်းကို ဤသုတေသနစာတမ်းမှ ခွဲခြမ်းစိတ်ဖြာတင်ပြထားသည်။ ဤလေ့လာမှုသည် စစ်ရေးအင်အား (military power) နှင့် တရားဝင်မှု/လက်ခံယုံကြည်မှု (legitimacy)တို့ အပြန်အလှန်အားဖြည့်ပေးသည့် ဆက်စပ်မှုအပေါ် အခြေခံထားသည်။ ULA/AA သည် အဆိုပါ အချက်နှစ်ရပ်လုံးကို တစ်ပြိုင်နက် တည်ဆောက်နိုင်ခဲ့သဖြင့် အောင်မြင်မှုရရှိခဲ့ပြီး၊ ULA မဟုတ်သည့် နိုင်ငံရေးအင်အားစုများမှာ အဖွဲ့ပြိုကွဲခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် မဟာဗျူဟာကျရှုံးမှုများကြောင့် နိုင်ငံရေးအရ အရေးပါမှု ကျဆင်းသွားခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ရခိုင်ဒေသ၏ နိုင်ငံရေးအခင်းအကျင်းကို ရွေးကောက်ပွဲအခြေပြု နိုင်ငံရေး (electoral politics) က အဓိက လွှမ်းမိုးထားခဲ့သည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) သည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ် ၄၄ နေရာအနက် ၃၇ နေရာတွင် အနိုင်ရရှိခဲ့ပြီး၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်၏ ကိုယ်စားပြုအင်အားစုအဖြစ် ရပ်တည်ခဲ့သည်။ ထိုကာလအတွင်း ULA/AAသည် ရခိုင်နိုင်ငံရေးနယ်ပယ်တွင် အနားသတ်အင်အားစု တစ်ခုအဖြစ်သာ ရှိနေခဲ့ပြီး၊ ရခိုင် ပြင်ပဒေသများတွင် ၎င်း၏ စစ်ရေးအင်အားကို တည်ဆောက်လျက်ရှိခဲ့သည်။

သို့သော် ၂၀၁၂ ခုနှစ် လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများသည် ရခိုင်လူထုအကြား လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပြင်းထန်စွာ မြင့်တက်စေခဲ့သည်။ ရွေးကောက်ပွဲအခြေပြု နိုင်ငံရေးပါတီများနှင့် အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းများသည် လူထုလုံခြုံရေးနှင့် အကာအကွယ်ပေးနိုင်မှုတွင် ထိရောက်စွာ တုံ့ပြန်နိုင်ခြင်း မရှိခဲ့သဖြင့် နိုင်ငံရေးတရားဝင်မှု (legitimacy) ဆိုင်ရာ ကွာဟချက်တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP) သည် ၂၀၁၇ ခုနှစ်အရောက်တွင် အတွင်းပိုင်း သဘောထားကွဲလွဲမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ ပဋိပက္ခများကြောင့် စည်းလုံးညီညွှတ်မှု အားနည်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ALP၏ NCA လက်မှတ်ရေးထိုးထားသည့် အနေအထားသည် ခုခံတော်လှန်ရေး အင်အားစုတစ်ရပ်အဖြစ်ထက် အာဏာပိုင်စနစ်အတွင်း ပေါင်းစည်းခံထားရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ပိုမိုမြင်တွေ့လာရသည်။

၂၀၁၈ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း လက်နက်ကိုင်တော်လှန်ရေးသည် ရခိုင်နိုင်ငံရေးတွင် အဓိက အစားထိုးရွေးချယ်စရာ နိုင်ငံရေးလမ်းကြောင်းအဖြစ် ပေါ်ထွက်လာခဲ့သည်။ ULA/AA သည် စစ်ဆင်ရေးများကို အရှိန်မြှင့်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၆၈၁ ကြိမ် ဖြစ်ပွားခဲ့ကာ အရေးပါသည့် စစ်ရေးအခြေစိုက်စခန်းများနှင့် နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အာရကန်ပြည်သူ့အာဏာပိုင်အဖွဲ့ (APA) ကို ထူထောင်ခဲ့ပြီး အခွန်ကောက်ခံခြင်း၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ယင်းအုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုပေးနိုင်စွမ်းသည် ULA/AA ၏ စစ်ရေးအင်အားကို နိုင်ငံရေးတရားဝင်မှုအဖြစ် ပြောင်းလဲပေးသည့် အရေးကြီးသော အခြေခံအချက်တစ်ရပ် ဖြစ်လာခဲ့သည်။ အခြားတစ်ဖက်တွင် ANP သည် ၂၀၁၇ ခုနှစ် ဩဂုတ်လ၌ မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ပူးပေါင်းဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လူထုအကြား ၎င်း၏ ယုံကြည်စိတ်ချရမှုနှင့် နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှု ကျဆင်းလာခဲ့သည်။ ALP သည်လည်း စစ်ရေးစွမ်းရည်အရ ULA/AA နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဘဲ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုမှုများကိုလည်း လက်ခံခြင်း မရှိခဲ့သဖြင့် ၎င်း၏ နိုင်ငံရေးနှင့် စစ်ရေးအခန်းကဏ္ဍသည် ပိုမို အနားသတ်သို့ ရောက်ရှိသွားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် ရခိုင်နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတွက် အဆုံးအဖြတ်ပေးသည့် အချိုးအကွေ့ (critical juncture) တစ်ရပ် ဖြစ်လာခဲ့သည်။ ပါလီမန်အခြေပြု နိုင်ငံရေးစနစ် ပြိုလဲသွားသည်နှင့်အမျှ ULA/AA သည် ၎င်း၏ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုများကို ပိုမိုခိုင်မာစွာ တည်ဆောက်နိုင်ခဲ့သည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ၏ အကျိုးဆက်အဖြစ် AA တပ်ဖွဲ့များသည် ရခိုင်ဒေသရှိ မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ် အလယ်ပိုင်းအရောက်တွင် ULA/AA သည် ရခိုင်ဒေသ၏ နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို အစိုးရစနစ်နှင့် အပြိုင် လည်ပတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ အခြားတစ်ဖက်တွင် ULA/AA မဟုတ်သော ရခိုင်နိုင်ငံရေးအင်အားစုများသည် ပိုမိုကွဲပြားပြန့်ကျဲလာခဲ့သည်။ ANP သည် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့် မရရှိခဲ့သလို၊ AFP နှင့် RNP တို့သည် စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲများတွင် အရေးပါသော နိုင်ငံရေးထောက်ခံမှုကို မရရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့ကြသည်။ ALP သည်လည်း အုပ်စုကွဲများအဖြစ် ခွဲထွက်သွားခဲ့ပြီး၊ အချို့အဖွဲ့များမှာ စစ်ကောင်စီနှင့် ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။

လက်ရှိအခြေအနေအရ ULA/AA မဟုတ်သော ရခိုင်နိုင်ငံရေးအင်အားစုများ၏ အနာဂတ်သည် နိုင်ငံရေးအရ အရေးပါမှု ကင်းမဲ့လာခြင်း (political irrelevance) သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းအဖြစ် လုံးဝပျောက်ကွယ်သွားခြင်း (political extinction) တို့နှင့် ရင်ဆိုင်နေရသည်ဟု သုံးသပ်နိုင်သည်။ ရွေးကောက်ပွဲအခြေပြု နိုင်ငံရေးပါတီများအတွက် ပါလီမန်နိုင်ငံရေး ပျောက်ကွယ်သွားပြီး၊ လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း စစ်ရေးစွမ်းရည် အားနည်းမှုများနှင့် “ရခိုင်တွင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့တည်းသာ ရှိသင့်သည်” ဟူသော ULA/AA ၏ မူဝါဒကြောင့် ရပ်တည်နိုင်မှု အခက်အခဲများကို ရင်ဆိုင်နေရသည်။ တစ်ချိန်တည်းမှာပင် ULA/AA သည် တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်အဖြစ်မှ အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် အသွင်ကူးပြောင်းရမည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အဖွဲ့အစည်းဆိုင်ရာ တည်ငြိမ်မှုနှင့် လူမျိုးစုအားလုံး ပါဝင်နိုင်သည့် အုပ်ချုပ်ရေးစနစ် (inclusive governance) တည်ဆောက်ရေးတို့ကို အထူးအာရုံစိုက် ဖြေရှင်းရန် လိုအပ်လျက်ရှိသည်။

အကျဉ်းချုပ်အားဖြင့် ယခင်က ရခိုင်နိုင်ငံရေးကို ဦးဆောင်ခဲ့သော အင်အားစုများ၏ အနားသတ်သို့ ရောက်ရှိသွားမှုသည် အတွင်းပိုင်းကွဲပြားမှုများ၊ မဟာဗျူဟာဆိုင်ရာ မှားယွင်းတွက်ချက်မှုများနှင့် ပြောင်းလဲလာသော နိုင်ငံရေး-စစ်ရေး အခြေအနေများအပေါ် ထိရောက်စွာ တုံ့ပြန်နိုင်ခြင်း မရှိမှုတို့၏ အကျိုးဆက်ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ULA/AA သည် စစ်ရေးအင်အားနှင့် နိုင်ငံရေးတရားဝင်မှုကို အပြန်အလှန် အားဖြည့်ပေးသည့် စက်ဝန်း (mutually reinforcing cycle) အတွင်း တည်ဆောက်နိုင်ခဲ့သဖြင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ရခိုင်နိုင်ငံရေး၏ အဆုံးအဖြတ်ပေးသည့် အင်အားစုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း ဤလေ့လာမှုက ဖော်ပြထားသည်။

စာတမ်း၏ နောက်ခံအကြောင်းအရာ

ဤစာတမ်း၏ အဓိကရည်ရွယ်ချက်မှာ ရခိုင်နိုင်ငံရေးသမိုင်း၏ အခြားတစ်ဖက်ကို လေ့လာသုံးသပ်ရန်ဖြစ်သည်။ အထူးသဖြင့် ULA/AA ၏ အာဏာလွှမ်းမိုးမှုအောက်တွင် တစ်ချိန်က ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသော ရခိုင်နိုင်ငံရေးအင်အားစုများ၏ အနားသတ်ခံရမှု (marginalization) ကို လေ့လာရန် ရည်ရွယ်ထားသည်။ ဤနေရာတွင် “ရခိုင်နိုင်ငံရေးအင်အားစုများ” ဟုဆိုရာတွင် လက်နက်ကိုင်နိုင်ငံရေးနယ်ပယ်ရှိ ရခိုင်လွတ်မြောက်ရေးပါတီ/ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) နှင့် ရခိုင်အမျိုးသားကောင်စီ/အာရက္ခတပ်တော် (ANC/AA) တို့အပြင် ရွေးကောက်ပွဲအခြေပြုနိုင်ငံရေးနယ်ပယ်ရှိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ရှေ့ဆောင်ပါတီ (AFP) နှင့် ရခိုင်အမျိုးသားများပါတီ(RNP) တို့ကို ရည်ညွှန်းသည်။

အာရက္ခတပ်တော် (AA) ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်မတိုင်မီကာလတွင် ALP နှင့် ANC တို့သည် လက်နက်ကိုင်နိုင်ငံရေးနယ်ပယ်၏ အဓိကအင်အားစုများဖြစ်ခဲ့ကြပြီး၊ ALD သည် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးကိုယ်စားပြုမှု၏ အရေးပါသော အင်အားစုတစ်ရပ်အဖြစ် ရပ်တည်ခဲ့သည်။ALP ကို ၁၉၆၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် တရားဝင်ဖွဲ့စည်းတည်ထောင်ခဲ့သော်လည်း၊ တည်ထောင်ပြီး မကြာမီတွင် ၎င်း၏ အဓိကခေါင်းဆောင်များဖြစ်သော ခိုင်မိုးလင်း၊ ခိုင်ရဲခိုင်နှင့် ခိုင်စိုးနိုင်တို့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် ၁၉၇၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထိန်းချုပ်နယ်မြေအတွင်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က ALP ၏ ဂုဏ်သိက္ခာရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ခိုင်မိုးလင်း ဦးဆောင်ခဲ့သော ကရင်ဒေသမှ ရခိုင်ဒေသသို့ (ကရင်နီ၊ ရှမ်း၊ ကချင်၊ စစ်ကိုင်း နှင့် ချင်းဒေသများကို ဖြတ်သန်း၍) ပြန်လည်ချီတက်သည့် "ရှည်လျားသော တော်လှန်ရေး အပြည့်စုံဖတ်ရန်

Download the full report to read more!

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

Learn More

Monthly Report | May 2023

Response to Cyclone Mocha in Rakhine State

This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.

Center for Arakan Studies

Monthly Report | March 2023

While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

Center for Arakan Studies

Monthly Report | Febuary 2023

In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

Center for Arakan Studies

Arakan Review: Return To War

Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

Center for Arakan Studies